အသည်းကို ထိခိုက်စေတာ အရက် တစ်ခုတည်း ဟုတ်ရဲ့လား
အသည်းကို ထိခိုက်စေတဲ့အရာလို့ ပြောလိုက်ရင် ဘာကို အရင်ဆုံး ပြေးမြင်ကြလဲ? မှန်မှန်ပြောနော် အရက်ဟုတ်။ လူတစ်ယောက် အသည်းမှာ ရောဂါတစ်ခုခု ခံစားနေရပြီဆိုရင် အရင်ဆုံး မေးမိတာက အရက်သောက်တတ်လို့လား ဆိုတဲ့ မေးခွန်းဟုတ်။ တကယ်ကတော့ အရက်တစ်ခုတည်းကပဲ အသည်းကို ထိခိုက်စေတာ မဟုတ်ပါဘူး။ အရက်မဟုတ်ဘဲ အသည်းကို ထိခိုက်စေနိုင်တဲ့ အခြားသော အရာတွေ ရှိပါသေးတယ်။ သတိထားနိုင်စေဖို့ ဒီနေရာကနေ ဖော်ပြပေးလိုက်ပါတယ်။
အရက်မဟုတ်တဲ့ အသည်းကို ထိခိုက်စေတဲ့ အရာတွေ
အရက်မဟုတ်ဘဲ အသည်းကို ထိခိုက်စေတဲ့ အရာတွေကတော့
- သကြား
သကြား အများကြီး စားတာက သွားတွေကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ အသည်းကိုလည်း အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ အသည်းက ဖရက်တို့စ်လို့ ခေါ်တဲ့ သကြားတစ်မျိုးကို အဆီလုပ်ဖို့ အသုံးပြုပါတယ်။ သန့်စင်ထားတဲ့ သကြားတွေ အစားများတာ၊ ဖရက်တို့စ် အများကြီးပါတဲ့ အစားအစာတွေ စားတာက အသည်းမှာ အဆီဖြစ်စေနိုင်ပြီး အသည်းရောဂါ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှု အချို့အရ အရက်သောက်တာလိုပဲ သကြားစားတာကလည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။
- ဆေးဖက်ဝင်တယ်ဆိုတဲ့ ဆေးမြစ်ဆေးဥတွေ
ဆေးညွှန်းမှာ သဘာဝစစ်စစ်လို့ ရေးထားတိုင်း ထိခိုက်မှု မရှိဘူးလို့ မယူဆလိုက်ပါနဲ့။ အချို့သော ဆေးမြစ်ဆေးဥတွေက အသည်းရောင်တာ၊ အသည်းလုပ်ဆောင်မှုစွမ်းရည် ကျဆင်းတာတွေကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် တိုင်ရင်းဆေးတွေကို မသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
- အဝလွန်နေတာ
ကိုယ်ထဲမှာ အဆီပိုတွေ များနေတာက အသည်းအဆီဖုံးတာနဲ့ အရက်ကြော်ငပ မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ခံစားရစေနိုင်ပါတယ်။ ဒီလိုနဲ့ အသည်းက ရောင်လာပြီး အချိန်ကြာလာတဲ့အခါ အသည်းတစ်ရှူးတွေက မာကျောကြွပ်ဆတ်လာပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။
- ဗီတာမင်အေ ဖြည့်စွက်ဆေးဝါးတွေ အလွန်အကျွံ သုံးစွဲတာ
ခန္ဓာကိုယ်က ဗီတာမင် အေကို လိုအပ်တယ်ဆိုပေမယ့် အပင်တွေ နဲ့ လတ်ဆတ်တဲ့ သစ်သီးတွေကနေ ရတဲ့ ဗီတာမင် အေကို လိုအပ်တာပါ။ တကယ်လို့ ဗီတာမင် အေကို ဖြည့်စွက်စာအနေနဲ့ အများကြီး သောက်သုံးမိမယ်ဆိုရင်တော့ အသည်းကို ထိခိုက်စေမှာပါ။
အချိုရည်တွေကို အများကြီး သောက်တာက အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးတာကို ခံစားရနိုင်ပါတယ်။ အချိုရည် အများကြီးသောက်တာက ဆီးချိုကို ဖြစ်စေနိုင်သလို အသည်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။
- အသွင်ပြောင်းအဆီ
လူလုပ်တဲ့ အသွင်ပြောင်းအဆီတွေက အများကြီး စားမိရင် ကိုယ်အလေးချိန် တက်စေသလို အသည်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အဆီတွေကို တတ်နိုင်သမျှ လျှော့စားပါ။
- အယ်လ်ကိုဟော ပါဝင်မှုနည်းတယ်လို့ ယူဆတဲ့ သောက်စရာတွေ
ဝိုင်တို့ ကော့တေးတို့လိုမျိုး အယ်လ်ကိုဟော ပါဝင်မှု နည်းတယ်လို့ ယူဆရတဲ့ သောက်စရာတွေကို အများကြီး သောက်တာကြောင့်လည်း အသည်း ထိခိုက်နိုင်ပါတယ်။
အရက်သောက်မှ မဟုတ်ဘဲ အခုလို အခြေအနေတွေကြောင့်လည်း အသည်းကို ထိခိုက်စေနိုင်ပါတယ်။
မွန်မွန်